• Category
    သမထဌာန
  • Open Date
    03 Jun 2019

သမထဌာန

သမထနှင့် ဝိပဿနာသည် အစုံလိုက် ထူထောင်ရသော တရားနှစ်ပါးဖြစ်သည်။ ဤစုစည်းထားသော သုတ်များအရ သမထနှင့် ဝိပဿနာဆိုသည်မှာ လေ့ကျင့်ထားသော စိတ်၏ အရည်အသွေး နှစ်မျိုးကို မြတ်စွာဘုရားက ဆိုလိုကြောင်း ထင်ရှားပါသည်။ အများယူဆထားသကဲ့သို့ မတူသော တရားကျင့်နည်းနှစ်မျိုး မဟုတ်။ ထိုအရည်အသွေးနှစ်မျိုးကို ဤရိုးရှင်းသော ဥပမာဖြင့်လည်း နားလည်နိုင်ပါသည်။ ဆေးလိပ်စွဲနေသောသူသည် ဆေးလိပ်၏ ဆိုးကျိုးကို သိသော်လည်း မဖြတ်နိုင်ပါ။ ဤနေရာတွင် ဆေးလိပ်၏ အပြစ်ကို နည်းလည်ခြင်းသည် သိခြင်း- ဝိဇ္ဇာ သို့မဟုတ် ဝိပဿနာ၏ အပိုင်းဖြစ်သည်။ အေးချမ်းတည်ငြိမ်သောစိတ်ဖြင့် ဆေးလိပ်စွဲမူကို မဖြတ်နိုင်ခြင်းသည် ကိလေသာမှ မလွတ်မြောက်နိုင်ခြင်း သမထထူထောင်မူ အားနည်းခြင်း၏အပိုင်းဖြစ်သည်။

၁. ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် မိမိစိတ်ဖြစ်ပုံ၌ လိမ္မာသူ ဖြစ်သနည်း။ 
ရဟန်းတို့ ဥပမာသော်ကား ငယ်ရွယ်နုပျို၍ တန်ဆာဆင်လေ့ရှိသော မိန်းမသည်လည်းကောင်း၊ ယောကျ်ားသည်လည်းကောင်း ထက်ဝန်းကျင် စင်ကြယ်ဖြူစင်သော ကြေးမုံ (မှန်) ၌ဖြစ်စေ ကြည်လင်သော ရေခွက်၌ဖြစ်စေ မိမိ မျက်နှာရိပ်ကို (ကြည့်ရှု) ဆင်ခြင်လတ်သော် ထို(ကြေးမုံ-ရေခွက်)၌ အကယ်၍ မြူမှုန်ကိုသော်လည်းကောင်း၊ (မှဲ့စသော) အညစ်အကြေးကိုသော်လည်းကောင်း မြင်ခဲ့မူ ထိုမြူမှုန် (မှဲ့စသော) အညစ်အကြေး ကို ပယ်ရန်အလို့ငှါ လုံ့လပြု၏၊ ထို (ကြေးမုံ-ရေခွက်) ၌ မြူမှုန် (မှဲ့စသော) အညစ်အကြေးကို မမြင်ခဲ့မူ ထိုမမြင်ခြင်းကြောင့်ပင် ”ငါ့အား အရတော်လေစွ၊ ငါသည် ထက်ဝန်းကျင် စင်ကြယ်လေစွ”ဟု ဝမ်းမြောက်မှု အကြံပြည့်စုံမှု ဖြစ်ရ၏။ ရဟန်းတို့ ဤအတူပင် ”(ငါသည်) မိမိသန္တာန်၌ စိတ်ကို ငြိမ်းအေးစေသော သမထကို ရသူဖြစ်သလော၊ မိမိသန္တာန်၌ စိတ်ကို ငြိမ်းအေးစေသော သမထကို မရသူ ဖြစ်သလော၊ အဓိပညာဓမ္မဝိပဿနာ (အခြားလောကီပညာတို့ထက် သာလွန်သောပညာဖြစ်၍ ခန္ဓာငါးပါးတို့၌ အနိစ္စစသည်ဖြင့် အမျိုးမျိုးရှုတတ်သောတရားလည်းဖြစ်သော ဝိပဿနာဉာဏ်)ကို ရသူဖြစ်သလော၊ အဓိပညာဓမ္မဝိပဿနာကို မရသူ ဖြစ်သလော”ဟု ဆင်ခြင်မှု ‘ပစ္စဝေက္ခဏာ’သည် ရဟန်းအား ကုသိုလ် တရားတို့ ၌ ကျေးဇူးများ၏။

 ၁.၁. ရဟန်းတို့ ဆင်ခြင်သော ရဟန်းသည် ”(ငါသည်) မိမိသန္တာန်၌ စိတ်ကို ငြိမ်းအေးစေသော သမထကို ရသူဖြစ်၏၊ အဓိပညာဓမ္မဝိပဿနာကို မရသူ ဖြစ်၏”ဟု အကယ်၍ သိပါမူ ရဟန်းတို့ ထိုရဟန်းသည် မိမိသန္တာန်၌ စိတ်ကို ငြိမ်းအေးစေသော သမထ၌ တည်၍ အဓိပညာဓမ္မဝိပဿနာအလို့ငှါ အားထုတ်မှုကို ပြုသင့်၏။ ထိုရဟန်းသည် အခါတစ်ပါး၌ မိမိသန္တာန်ဝယ် စိတ်ကို ငြိမ်းအေးစေသော သမထကိုလည်း ရသူဖြစ်၏၊ အဓိပညာဓမ္မဝိပဿနာကိုလည်း ရသူဖြစ်၏။

 ၁.၂. ရဟန်းတို့ ဆင်ခြင်သော ရဟန်းသည် ”(ငါသည်) အဓိပညာဓမ္မဝိပဿနာကို ရသူ ဖြစ်၏။ မိမိသန္တာန်၌ စိတ်ကို ငြိမ်းအေးစေသော သမထကို မရသူ ဖြစ်၏”ဟု အကယ်၍ သိပါမူ ရဟန်းတို့ ထိုရဟန်းသည် အဓိပညာဓမ္မဝိပဿနာ၌ တည်၍ မိမိသန္တာန်၌ စိတ်ကို ငြိမ်းအေးစေသော သမထအလို့ငှါ အားထုတ်မှုကို ပြုသင့်၏။ ထိုရဟန်းသည် အခါတစ်ပါး၌ အဓိပညာဓမ္မဝိပဿနာကိုလည်း ရသူဖြစ်၏၊ မိမိသန္တာန်၌ စိတ်ကို ငြိမ်းအေးစေသော သမထကိုလည်း ရသူဖြစ်၏၊

 ၁.၃. ရဟန်းတို့ ဆင်ခြင်သော ရဟန်းသည် ”(ငါသည်) မိမိသန္တာန်၌ စိတ်ကို ငြိမ်းအေးစေသော သမထကို့မရသူ ဖြစ်၏၊ အဓိပညာဓမ္မဝိပဿနာကို မရသူ ဖြစ်၏”ဟု အကယ်၍ သိပါမူ ရဟန်းတို့ ထိုရဟန်းသည် ထိုကုသိုလ်တရားတို့ကိုသာလျှင် ရရန် လွန်ကဲသော အလို လုံ့လ အားထုတ်မှု အလွန် အားထုတ်မှု မဆုတ်နစ်မှု အောက်မေ့မှု ‘သတိ’ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ကို ပြုသင့်၏။ ရဟန်းတို့ ဥပမာသော်ကား အဝတ်မီးလောင်သူသည်လည်းကောင်း၊ ဦးခေါင်းမီးလောင်သူသည် လည်းကောင်း ထိုအဝတ်,ဦးခေါင်းကိုသာလျှင် ငြိမ်းစေရန် လွန်ကဲသော အလို လုံ့လ အားထုတ်မှု အလွန် အားထုတ်မှု မဆုတ်နစ်မှု အောက်မေ့မှု ‘သတိ’ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ကို ပြုရာ၏၊ ရဟန်းတို့ ဤအတူပင် ထိုရဟန်းသည် ထိုကုသိုလ်တရားတို့ကိုသာလျှင် ရရန် လွန်ကဲသော အလို လုံ့လ အားထုတ်မှု အလွန်အားထုတ်မှု မဆုတ်နစ်မှု အောက်မေ့မှု ‘သတိ’ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ကို ပြုသင့်၏။ ထိုရဟန်းသည် အခါတစ်ပါး၌ မိမိသန္တာန်ဝယ် စိတ်ကို ငြိမ်းအေးစေသော သမထကိုလည်း ရသူဖြစ်၏၊ အဓိပညာဓမ္မဝိပဿနာကိုလည်း ရသူဖြစ်၏။

 ၁.၄. ရဟန်းတို့ ဆင်ခြင်သော ရဟန်းသည် ”(ငါသည်) မိမိသန္တာန်၌ စိတ်ကို ငြိမ်းအေးစေသော သမထကိုလည်း ရသူ ဖြစ်၏၊ အဓိပညာဓမ္မဝိပဿနာကိုလည်း ရသူ ဖြစ်၏”ဟု အကယ်၍ သိပါမူ ရဟန်းတို့ ထိုရဟန်းသည် ထိုကုသိုလ်တရားတို့၌သာလျှင် တည်၍ ထို့ထက်အလွန် အာသဝေါတရားတို့၏ ကုန်ရန်အလို့ငှါ အားထုတ်မှုကို ပြုသင့်၏။ (အန ၁၀.၅၄)

 ၂. ငါ့သျှင်တို့ ရဟန်းယောကျ်ားဖြစ်စေ ရဟန်းမိန်းမဖြစ်စေ မည်သူမဆို ငါ၏ အထံ၌ အရဟတ္တဖိုလ်သို့ ရောက်ခြင်းကို ပြောကြား၏၊ ထိုရဟန်းယောကျ်ား ရဟန်းမိန်းမအားလုံးသည် မဂ်လေးပါးတို့ဖြင့်သော်လည်းကောင်း၊ ထို မဂ်လေးပါးတို့တွင် တစ်ပါးပါးဖြင့်သော်လည်းကောင်း (အရဟတ္တဖိုလ်သို့ ရောက်ကြောင်း ကို ပြောကြား၏)။ အဘယ်လေးပါးတို့နည်းဟူမူ…

 ၂.၁. ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် သမထလျှင် ရှေ့သွား ရှိသော ဝိပဿနာကို ပွါးများ၏၊ သမထလျှင် ရှေ့သွားရှိသော ဝိပဿနာကို ပွါးများသော ထိုရဟန်းအား (သောတာပတ္တိ) မဂ်သည် ထင်၏၊ ထိုရဟန်းသည် ထို မဂ်ကို မှီဝဲ၏၊ ပွါးများ၏၊ ကြိမ်ဖန်များစွာ ပြု၏၊ ထို မဂ်ကို မှီဝဲသော ပွါးများသော ကြိမ်ဖန်များစွာ ပြုသော ထိုရဟန်းအား သံယောဇဉ်တို့သည် ပျောက် ကုန်၏၊ အနုသယတို့သည် ကင်းကုန်၏။

 ၂.၂. ငါ့သျှင်တို့ နောက်တစ်မျိုးကား ရဟန်းသည် ဝိပဿနာလျှင် ရှေ့သွားရှိသော သမထကို ပွါးများ၏၊ ဝိပဿနာလျှင် ရှေ့သွားရှိသော သမထကို ပွါးများသော ထိုရဟန်းအား မဂ်သည် ထင်၏၊ ထိုရဟန်းသည် ထို မဂ်ကို မှီဝဲ၏၊ ပွါးများ၏၊ ကြိမ်ဖန်များစွာ ပြု၏၊ ထို မဂ်ကို မှီဝဲသော ပွါးများသော ကြိမ်ဖန်များစွာ ပြုသော ထိုရဟန်းအား သံယောဇဉ်တို့သည် ပျောက်ကုန်၏၊ အနုသယတို့သည် ကင်းကုန်၏။

 ၂.၃. ငါ့သျှင်တို့ နောက်တစ်မျိုးကား ရဟန်းသည် သမထ + ဝိပဿနာ ကို အစုံဖွဲ့၍ ပွါးများ၏၊ သမထ + ဝိပဿနာကို အစုံဖွဲ့၍ပွါးများသော ထိုရဟန်းအား မဂ်သည် ထင်၏၊ ထိုရဟန်းသည် ထို မဂ်ကို မှီဝဲ၏၊ ပွါးများ၏၊ ကြိမ်ဖန်များစွာ ပြု၏၊ ထို မဂ်ကို မှီဝဲသော ပွါးများသော ကြိမ်ဖန်များစွာ ပြုသော ထိုရဟန်းအား သံယောဇဉ်တို့သည် ပျောက်ကုန်၏၊ အနုသယတို့သည် ကင်းကုန်၏။

 ၂.၄. ငါ့သျှင်တို့ နောက်တစ်မျိုးကား ရဟန်းအားတရားတို့၌ ပျံ့လွင့်ခြင်း ‘ဓမ္မုဒ္ဓစ္စ’သည် အထူးသဖြင့် ယူအပ်သော စိတ်ဖြစ်၏၊ ငါ့သျှင်တို့ အကြင် အခါ၌ ထို ဝိပဿနာစိတ်သည် (ဂေါစရဇ္ဈတ္တ) နိဗ္ဗာန်၌သာလျှင် ကောင်းစွာ တည်၏၊ ကောင်းစွာ နစ်၏၊ ကောင်းစွာ တည်ကြည်၏၊ စိတ်ကို ကောင်းစွာ ထား၏၊ ထိုအခါ ထိုရဟန်းအား မဂ်သည် ထင်၏၊ ထိုရဟန်းသည် ထို မဂ်ကို မှီဝဲ၏၊ ပွါးများ၏၊ ကြိမ်ဖန်များစွာ ပြု၏၊ ထို မဂ်ကို ပွါးများသော မှီဝဲသော ကြိမ်ဖန်များစွာပြုသော ထိုရဟန်းအား သံယောဇဉ်တို့သည် ပျောက်ကုန်၏၊ အနုသယတို့သည် ကင်းကုန်၏။ (အန ၄.၁၇၀)

 ၃. ငါ့သျှင် ငါးပါးသောအကြောင်း (အင်္ဂါ)တို့၏ အထောက်အပံ့ကို ရသော မှန်သောအယူ ‘သမ္မာဒိဋ္ဌိ’ သည်လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ စိတ် အကျိုးလည်း ရှိ၍ လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ စိတ်အကျိုးအာနိသင်လည်း ရှိ၏၊ လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ ပညာ အကျိုးလည်းရှိ၍ လွတ်မြောက်သော ‘အရဟတ္တ ဖိုလ်’ ပညာအကျိုးအာနိသင်လည်း ရှိ၏။ ငါ့သျှင် ဤသာသနာတော်၌ မှန်သောအယူ ‘သမ္မာဒိဋ္ဌိ’ သည် စောင့်စည်းမှု ‘သီလ’ အထောက်အပံ့ကိုလည်း ရ၏၊ တရားကို ကြားနာမှုအထောက်အပံ့ ကိုလည်း ရ၏၊ ကမ္မဋ္ဌာန်း ဆွေးနွေးမှု အထောက်အပံ့ကိုလည်း ရ၏၊ စျာန်သမာပတ့် ‘သမထ’ အထောက်အပံ့ကိုလည်း ရ၏၊ အထူးထူးရှုမှု ‘ဝိပႆနာ’ အထောက်အပံ့ကိုလည်း ရ၏။ ငါ့သျှင် ဤ ငါးပါးသော အကြောင်း (အင်္ဂါ)တို့၏ အထောက်အပံ့ကို ရသော မှန်သောအယူ ‘သမ္မာဒိဋ္ဌိ’သည် လွတ် မြောက်သော ‘အရဟတ္တဖိုလ်’ စိတ်အကျိုးလည်း ရှိ၍ လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ စိတ်အကျိုး အာနိသင်လည်း ရှိ၏။ လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ ပညာအကျိုးလည်း ရှိ၍ လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ ပညာအကျိုးအာနိသင်လည်းရှိ၏ဟု (မိန့်ဆို၏)။ (မန ၄၃)

 ၄. ရဟန်းတို့ ဝိဇ္ဇာအဘို့အစု၌ ဖြစ်ကုန်သော ဤတရားတို့သည် ဤနှစ်မျိုးတည်း။ အဘယ်နှစ်မျိုး တို့နည်း ဟူမူ…
စိတ်၏ တည်ကြည်ခြင်း သမထ၎င်း သင်္ခါရတရားတို့ကို ရှုဆင်ခြင်ခြင်း ဝိပဿနာ တို့တည်း။

 ၅. ရဟန်းတို့ သမထကို ပွားများအပ်သော် အဘယ်အကျိုးကို ရရှိခံစားရသနည်း၊
စိတ်ကိုပွားများစေအပ်၏။

 ၅.၁. စိတ်ကိုပွားများ စေအပ်သော် အဘယ်အကျိုး ခံစားရသနည်း၊ 
တပ်မက်ခြင်း ‘ရာဂ’ကို ပယ်နိုင်၏။

 ၆. ရဟန်းတို့ သင်္ခါရတရားတို့ကို ရှုဆင်ခြင်ခြင်း ဝိပဿနာကို ပွားများအပ်သော် အဘယ်အကျိုးကို ခံစားရသနည်း၊
ပညာကို ပွားများစေအပ်၏။

 ၆.၁. ပညာကို ပွားများစေအပ်သော် အဘယ်အကျိုးကိုခံစားရသနည်း၊ 
မသိခြင်း ‘အဝိဇ္ဇာ’ ကို ပယ်နိုင်၏။

 ၇. ရဟန်းတို့ တပ်မက်ခြင်း ‘ရာဂ’ ဖြင့် ညစ်ညူးသော် စိတ်သည် ကိလေသာမှ မလွတ်မြောက် မသိခြင်း ‘အဝိဇ္ဇာ’ ဖြင့် ညစ်ညူးသော် ပညာကို မပွားများစေအပ်။ ရဟန်းတို့ ဤသို့လျှင် တပ်မက်ခြင်း ‘ရာဂ’ ၏ ကုန်ခမ်းခြင်းကြောင်း စိတ်၏ ကိလေသာတို့မှ လွတ်မြောက်ခြင်း ‘စေတောဝိမုတ္တိ’သည် ဖြစ်၏။ မသိမှု ‘အဝိဇ္ဇာ’ ၏ ကုန်ခမ်းခြင်းကြောင့် ပညာ၏ ကိလေသာတို့မှ လွတ်မြောက်ခြင်း ‘ပညာဝိမုတ္တိ’ သည် ဖြစ်၏ဟု (မိန့်တော်မူ၏)။ (အန ၂.၃၂)

 ၈. ရဟန်းတို့ ထူးသော ဉာဏ်ဖြင့် ပွါးများအပ်သော တရားတို့ကား အဘယ်တို့နည်း၊
သမထနှင့် ဝိပဿနာတရားတို့တည်း။ (သန ၄၅.၁၅၉) (မန ၁၄၉)

 ၉. အသျှင်ဘုရား သညာဝေဒနာတို့၏ ချုပ်ရာ နိရောဓသမာပတ်အား အဘယ်မျှသော တရားတို့သည် များစွာ ကျေးဇူးပြုကုန်သနည်း။
သူကြွယ် အမှန်အားဖြင့် ရှေးဦးစွာ မေးသင့်သော စကားကို ယခုမှ မေးဘိ၏၊ သို့သော်လည်း သင့်အားငါသည် ဖြေဆိုအံ့။ သူကြွယ် သညာဝေဒနာတို့၏ ချုပ်မှု နိရောဓသမာပတ်အား သမထဝိပဿနာဟု ဆိုအပ်သော တရားနှစ်ပါးတို့သည် များစွာ ကျေးဇူးပြုကုန်၏ဟု (မိန့်ဆို၏)။ (သန ၄၁.၆)

Course Information

  • Class Start: 03 Jun 2019
  • Course Duration: 2
  • Student Capacity: Max 50 Students
  • Class Schedule: Mon to Fri
  • Class Time: 08:00 to 10:00
  • Course Teachers: 0

Course Teacher