ပန်းတစ်ပွင့်တောင် ဗုဒ္ဓသာသနာပြု တက္ကသိုလ်

Pantapwinttaung Buddha Missionary University (PBMU)

ရည်ရွယ်ချက်

        ပန်းတစ်ပွင့်တောင်ဗုဒ္ဓသာသနာပြုတက္ကသိုလ် တည်ထောင်ဖွင့်လှစ် သင်ကြားပို့ချရေးနှင့် ပတ်သက်၍ အဓိကထားရှိသော ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

(က) သာသနာ့ဝန်ထမ်း ရဟန်း၊ သာမဏေ၊ သီလရှင်များ စဉ်ဆက်မပြတ် တိုးပွားစည်ပင်လာစေရေး၊

(ခ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အနှံ့အပြားတွင် အကျင့်သိက္ခာကောင်းမွန်ပြီး ဒါယကာ၊ ဒါယိကာမများအတွက် မှီခိုအားထား ကိုးစားလောက်သော သီလ၊ သမာဓိ၊ ပညာနှင့် ပြည့်ဝသည့် ကျောင်းထိုင်ဘုန်းကြီးများ ပေါ်ထွန်းလာစေရေး၊

(ဂ) နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ လမ်းညွှန်မှုဖြင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနက အဓိကတာဝန်ယူဆောင်ရွက်လျက်ရှိသော ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် သီလရှင်သင်ပညာရေးကျောင်းများ၌-

  • ၁။ ခေတ်စနစ်နှင့်အညီ အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းပညာများကို သင်ကြားပေးနိုင်သော ရဟန်းတော်များနှင့် သီလရှင်ဆရာလေးများ ပေါ်ထွန်းလာစေရေး၊
  • ၂။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အနှံ့အပြားရှိ ဆင်းရဲချမ်းသာမရွေး ကလေးသူငယ်များ ပညာသင်ခွင့်ရရှိစေရေးနှင့် အခြေခံဗုဒ္ဓဘာသာ ယဥ်ကျေးမှုများ ရရှိစေရေး၊

(ဃ) သင်္ဂါယနာခြောက်တန်တင်ပြီးသော မူရင်းထေရဝါဒဗုဒ္ဓဒေသနာတော်များကို နိုင်ငံတကာ ဗုဒ္ဓဘာသာဝင်များသို့ ဖြန့်ဝေနိုင်ရေး၊

(င) သီလ၊ သုတ၊ ဘက်စုံပြည့်ဝပြီး မြတ်စွာဘုရားရှင်၏ ထေရဝါဒဗုဒ္ဓဒေသနာတော် အဆုံအမများကို ကမ္ဘာအနှံ့အပြား ပြန့်ပွားစေရေးအတွက် စွမ်းဆောင်ရည်ပြည့်ဝသော သာသနာပြုရဟန်း၊ သာမဏေ၊ သီလရှင်များ ပေါ်ထွန်းလာစေရေး၊

ဆောင်ပုဒ်

"ပန်းတစ်ပွင့်တောင်မှ သာသနာ ကမ္ဘာအနှံ့ပြန့်စေသော်"

"May the Buddha Sasana Spread All Over the World"

တက္ကသိုလ်အကြောင်း

        ပန်းတစ်ပွင့်တောင်ဗုဒ္ဓသာသနာပြုတက္ကသိုလ်ကို ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဖူးကြီးရေလှောင်ကန်အနီး၊ ပန်းတစ်ပွင့်တောင်သာသနာပြုတောရရိပ်သာကျောင်းတိုက်အတွင်း၌ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ လမ်းညွှန်မှု၊ သြဝါဒစရိယဆရာတော်များနှင့် အဓိပတိဆရာတော်၏ ကြီးကြပ်မှု၊ ပန်းတစ်ပွင့်တောင်ဆရာတော် ဒေါက်တာဘဒ္ဒန္တပညာသာရ (မဟာသဒ္ဓမ္မဇောတိကဓဇ၊ ဓမ္မကထိက ဗဟုဇနဟိတဓရ၊ ကမဋ္ဌနာစရိယ၊ Ph.D (India), Ph.D (UK))၏ ပစ္စည်းလေးပါး လိုလေသေးမရှိ ထောက်ပံ့ကူညီမှုဖြင့် သာသနာတော်နှစ် ၂၅၆၀ ကောဇာသက္ကရာဇ် ၁၃၇၈၊ ခရစ်နှစ် ၂၀၁၆ တွင် စတင်တည်ထောင်ခဲ့ပါသည်။

        ပန်းတစ်ပွင့်တောင်ဗုဒ္ဓသာသနာပြုတက္ကသိုလ်သည် ပြည်တွင်း၊ ပြည်ပ ဒေသအသီးသီးတို့တွင် သာသနာပြုတော်မူကြမည့် ရဟန်း၊ သာမဏေ၊ သီလရှင်များအတွက် ထေရဝါဒဗုဒ္ဓဘာသာဆိုင်ရာ ပရိယတ္တိ၊ ပဋိပတ္တိနှင့် နိုင်ငံတော်အစိုးရ ပြဋ္ဌာန်းထားသော မူလတန်း၊ အလယ်တန်း၊ အထက်တန်းစသော လောကီပညာရပ်များကို ဆည်းပူးလေ့လာပေးရာ ဌာနပင်ဖြစ်ပါသည်။ မြတ်ဗုဒ္ဓ၏ တရားတော်အနှစ်သာရများနှင့် ပဋိပတ္တိကျင့်စဉ်များကို ကမ္ဘာအနှံ့ ပြန့်ပွားစေရေးအတွက် လက်တွေ့ကျကျသင်ကြားပေးပြီး ခေတ်မီပညာရေးစနစ်များနှင့် ပေါင်းစပ်ညှိနှိုင်း သင်ကြားပေးသော တက္ကသိုလ် ဖြစ်ပါသည်။

        ပန်းတစ်ပွင့်တောင်ဗုဒ္ဓသာသနာပြုတက္ကသိုလ်ကို တက္ကသိုလ်အုပ်ချုပ်ရေးဗဟိုအဖွဲ့၊ တက္ကသိုလ်ဗဟိုပညာရေး ကော်မတီ၊ ပရိယတ္တိမဟာဌာန၊ ပဋပတ္တိမဟာဌာန၊ ဘာသာရပ်များဆိုင်ရာမဟာဌာန၊ ဗုဒ္ဓဒေသနာပြန့်ပွားရေးမဟာဌာနဟူသော မဟာဌာနကြီး ၄ ခု၊ ၎င်းမဟာဌာကြီးများ၏ အောက်တွင် ဝိနယပိဋကဌာန၊ သုတ္တန္တပိဋကဌာန၊ အဘိဓမ္မပိဋကဌာန၊ ဝိပဿနာဌာန၊ သမထဌာန၊ သမထဌာန၊ ပါဠိစာပေဌာန၊ သက္ကတစာပေဌာန၊ မြန်မာစာဌာန၊ အင်္ဂလိပ်စာဌာန၊ သင်္ချာဌာန၊ ပထဝီဝင်ဌာန၊ သမိုင်းဌာန၊ သိပ္ပံဌာန၊ ဘာသာရေးဆိုင်ရာသမိုင်းဌာန၊ သာသနာပြုဆိုင်ရာဌာန၊ ကျောင်းထိုင်ဘုန်းကြီးရေးရာဌာန၊ သုတေသန ကျမ်းပြုနှင့် ဘာသာပြန်ဌာန ဟူသော သင်ကြားရေးဌာန ၁၇ ဌာနနှင့် မော်ကွန်းထိန်းဌာန၊ စီမံ/ဘဏ္ဍာဌာန ဟူသောာ စီမံရေးဌာန ၂ ဌာန၊ စုစုပေါင်း ဌာန ၁၉ ခုဖြင့် ဖွဲ့စည်းထားပါသည်။

        မဟာဌာနများတွင် မဟာဌာနမှူးများက ဒုတိယပါမောက္ခချုပ်(သင်ကြား) ဆရာတော်ကို တာဝန်ခံကာ စီမံအုပ်ချုပ်လျက်ရှိပြီး ဘာသာရပ်ဌာန အသီးသီးကို သက်ဆိုင်ရာ ပါမောက္ခ/ဌာနမှူးများက သက်ဆိုင်ရာ မဟာဌာနမှူးများကို တာဝန်ခံကာ တွဲဖက်ပါမောက္ခ၊ ကထိက၊ လက်ထောက်ကထိက၊ နည်းပြများဖြင့် စီမံပို့ချသင်ကြားလျက်ရှိပါသည်။ မော်ကွန်းထိန်းဌာနနှင့် စီမံ/ဘဏ္ဍာဌာတို့ကို မော်ကွန်းထိန်းဆရာတော်နှင့် ဌာနမှူး၊ စီမံ/ဘဏ္ဍာတို့က ဒုတိယပါမောက္ခချုပ်(စီမံ)ကို တာဝန်ခံကာ တွဲဖက်မော်ကွန်းထိန်းများ၊ တွဲဖက်ဌာနမှူးများ၊ ဌာနခွဲမှူးများ၊ ဌာနစုမှူးများဖြင့် စီမံ/ဘဏ္ဍာလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

        ပန်းတစ်ပွင့်တောင်ဗုဒ္ဓသာသနာပြုတက္ကသိုလ်၏ သင်တန်းများမှာ B.A (Buddhist Missionary) ဘွဲ့အတွက် ၄ နှစ်၊ M.A (Buddhist Missionary) ဘွဲ့အတွက်(ကျမ်းပြုအပါအဝင်) ၂ နှစ်၊ Ph.D. (Buddhist Missionary) ဘွဲ့အတွက် ၃ နှစ် ဖြစ်ပါသည်။

        တက္ကသိုလ် သင်တန်းသား၊ သင်တန်းသူများအားလုံး၏ စားဝတ်နေရေး၊ ကျန်းမာရေးနှင့် ပညာရေးရာ ကိစ္စအဝဝကို အလုံးစုံတာဝန်ယူဆောင်ရွက်ပေးလျက်ရှိပါသည်။

တက္ကသိုလ်၏ အရည်အသွေး

        ပန်းတစ်ပွင့်တောင်ဗုဒ္ဓသာသနာပြုတက္ကသိုလ်ကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ လမ်းညွှန်ချက် မူဝါဒများနှင့်အညီ သြဝါဒစရိယဆရာတော်များနှင့် အဓိပတိဆရာတော်၏ ကြီးကြပ်မှု၊ ပါမောက္ခချုပ် ဆရာတော်၏ ပံ့ပိုးပေးမှုများဖြင့် အရည်အချင်းပြည့်ဝသော ပါမောက္ခ၊ ဌာနမှူးဆရာတော်များ၊ တွဲဖက်ပါမောက္ခဆရာတော်များ၊ ကထိကဆရာတော်များ၊ လူပုဂ္ဂိုလ် ပါမောက္ခ၊ ဌာနမှူများ၊ တွဲဖက် ပါမောက္ခများ၊ ကထိကများဖြင့် လောကီ၊ လောကုတ္တရာ ပညာရပ်များကို ပို့ချသင်ကြားပေးလျက်ရှိပါသည်။

        ပြည်တွင်းတက္ကသိုလ်များနှင့် ချိတ်ဆက်ဆောင်ရွက်လျက် ရှိရုံသာမက ပြည်ပနိုင်ငံများဖြစ်သော ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ သီရိလင်္ကာနိုင်ငံများရှိ တက္ကသိုလ်များနှင့်လည်း အပြန်အလှန် အသိအမှတ်ပြု သဘောတူ နားလည်မှုစာချွန်လွှာ MoU လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ဖြစ်ပါသည်။

        ဆက်လက်၍ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ နီပေါနိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ထိုင်ဝမ်၊ ဟောင်ကောင် စသည့်နိုင်ငံများရှိ တက္ကသိုလ်များနှင့်လည်း ချိတ်ဆက်ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

တက္ကသိုလ်ရှိ ဌာနများ

၁။ သင်ကြားရေးဌာနများ

  • (က) ပရိယတ္တိမဟာဌာန
  • (ခ) ပဋိပတ္တိမဟာဌာန
  • (ဂ) ဘာသာရပ်များဆိုင်ရာမဟာဌာန
  • (ဃ) ဗုဒ္ဓဒေသနာ ပြန့်ပွားရေးမဟာဌာန ဟူသော မဟာဌာနကြီး ၄ ခု၊

(က) ပရိယတ္တိမဟာဌာနကြီး၏ အောက်တွင် -

  • ၁။ ဝိနယပဋကဌာန
  • ၂။ သုတ္တန္တပိဋကဌာန
  • ၃။ အဘိဓမ္မပိဋကဌာန ဟူသော ဌာန ၃ ခု၊

(ခ) ပဋိပတ္တိမဟာဌာနကြီး၏ အောက်တွင် -

  • ၁။ ဝိပဿနာဌာန
  • ၂။ သမထဌာန ဟူသော ဌာန ၂ ခု၊

(ဂ) ဘာသာရပ်များဆိုင်ရာမဟာဌာနကြီး၏ အောက်တွင် -

  • ၁။ ပါဠိစာပေဌာန
  • ၂။ သက္ကတစာပေဌာန
  • ၃။ မြန်မာစာဌာန
  • ၄။ အင်္ဂလိပ်စာဌာန
  • ၅။ သင်္ချာဌာန
  • ၆။ ပထဝီဝင်ဌာန
  • ၇။ သမိုင်းဌာန
  • ၈။ သိပ္ပံဌာန ဟူသော ဌာန (၈) ခု၊

(ဃ) ဗုဒ္ဓဒေသနာ ပြန့်ပွားရေးမဟာဌာကြီး၏ အောက်တွင် -

  • ၁။ ဘာသာရေးဆိုင်ရာသမိုင်းဌာန
  • ၂။ သာသနာပြဆိုင်ရာဌာန
  • ၃။ ကျောင်းထိုင်ဘုန်းကြီးရေးရာဌာန
  • ၄။ သုတေသန၊ ကျမ်းပြုနှင့် ဘာသာပြန်ဌာန ဟူသော ဌာန ၄ ခု အားဖြင့် စုစုပေါင်း သင်ကြားရေးဌာန ၁၇ ခု၊

၂။ စီမံအုပ်ချုပ်ရေးဌာနများ

  • (က) မော်ကွန်းထိန်းဌာန
  • (ခ) စီမံ/ဘဏ္ဍာဌာန ဟူသော စီမံအုပ်ချုပ်ရေး ဌာန ၂ ခု အားဖြင့် စုစုပေါင်း ဌာန ၁၉ ခု ရှိပါသည်။

(က) မော်ကွန်းထိန်းဌာနလက်အောင်တွင် -

  • ၁။ သင်တန်းရေးရာဌာနစု
  • ၂။ ကျောင်းသားရေးရာနှင့် ကျောင်းသားရေးရာဌာန
  • ၃။ စာမေးပွဲနှင့် ဘွဲ့နှင့်သဘင်ဌာနစု
  • ၄။ စာကြည့်တိုက်ဌာနစု
  • ၅။ ကွန်ပျူတာ၊ သတင်းအချက်အလက်နှင့် နည်းပညာဌာနစု အားဖြင့် ဌာနစု (၅) ခု၊

(ခ) စီမံ/ဘဏ္ဍာဌာနလက်အောက်တွင် -

  • ၁။ ဘဏ္ဍာရေးနှင့် ဝန်ထမ်းရေးရာဌာနစု
  • ၂။ မော်တော်ယာဉ်ဌာနစု
  • ၃။ ဆွမ်း/ ကွမ်းရေးရာဌာနစု
  • ၄။ ပုံနှိပ်ထုတ်ဝေရေးဌာနစု
  • ၅။ နယ်မြေ၊ လုံခြုံရေးနှင့် ထိန်းသိမ်းရေးဌာနစု
  • ၆။ ပြည်တွင်း၊ ပြည်ပဆက်ဆံရေးနှင့် အထွေထွေဌာနစု အားဖြင့် ဌာနစု ၆ ခု၊ စုစုပေါင်း ဌာနစု ၁၁ ခု ရှိပါသည်။

သင်ကြားပို့ချပေးသည့်ဘာသာရပ်များ

ပန်းတစ်ပွင့်တောင်ဗုဒ္ဓသာသနာပြုတက္ကသိုလ်၏ B.A ၄ နှစ် သင်တန်းအတွက် အောက်ပါဘာသာရပ်များကို သင်ကြားပေးလျက်ရှိပါသည်။

  • ၁။ ပါရာဇိကကဏ္ဍ ပါဠိတော်၊ အဋ္ဌကထာ
  • ၂။ သီလက္ခန္ဓဝဂ္ဂ ပါဠိတော်၊ အဋ္ဌကထာ
  • ၃။ ဓမ္မသင်္ဂဏီ ပါဠိတော်၊ အဋ္ဌကထာ
  • ၄။ သမထ/ဝိပဿနာ
  • ၅။ မြန်မာစာ
  • ၆။ အင်္ဂလိပ်စာ
  • ၇။ သင်္ချာ
  • ၈။ ပထဝီဝင်
  • ၉။သမိုင်း
  • ၁၀။ သိပ္ပံ
  • ၁၁။ ပါဠိ/သက္ကတစာပေ
  • ၁၂။ ဗုဒ္ဓဘာသာဆိုင်ရာသမိုင်း
  • ၁၃။ အခြားဘာသာများဆိုင်ရာသမိုင်း
  • ၁၄။ သာသနာပြဆိုင်ရာ
  • ၁၅။ ကျောင်းထိုင်ဘုန်းကြီးရေးရာ
  • ၁၆။ သုတေသန နည်းပညာ

စုစုပေါင်း ဘာသာရပ် ၁၆ မျိုးတို့ကို သက်ဆိုင်ရာ ဘာသာရပ်အလိုက် ဝါရင့်သမ္ဘာရင့် ကျွမ်းကျင်ပညာရှင် ပါမောက္ခ/ဌာနမှူးများ၊ တွဲဖက်ပါမောက္ခများ၊ ကထိကများက သင်ကြားပေးလျက် ရှိပါသည်။ B.A တန်း ၄ နှစ်အတွက် လောကီဆိုင်ရာ ဘာသာရပ်များကို ပထမနှစ်တွင် KGတန်းမှ G-၅ အထိလည်းကောင်း၊ ဒုတိယနှစ်တွင် G-၆ မှ G-၉ အထိလည်းကောင်း၊ တတိယနှစ်တွင် G-၁၀ မှ G-၁၂ အထိလည်းကောင်း၊ စတုတ္တနှစ်တွင် ရန်ကုန်တက္ကသိုလ် သင်ရိုးညွှန်းတမ်းအတိုင်း ထုတ်နုတ်ပို့ချ သင်ကြားပေးသွားမည် ဖြစ်ပါသည်။ ဓမ္မာစရိယဘွဲ့လည်း ချီးမြှင့်မှာ ဖြစ်သည့်အတွက် ကျမ်းရင်း ၃ ကျမ်း ပါဠိတော်၊ အဋ္ဌကထာများကို အစိုးရဓမ္မာစရိယ စာမေးပွဲနှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်၊ သာသနတက္ကသီလ ဓမ္မာစရိယနည်းစနစ်များအတိုင်း သင်ကြားပို့ချလျက်ရှိပါသည်။

M.A တန်း ၂ နှစ်အတွက် စာသင်ချိန် ၁၈ လ၊ (Semester ၃-ခု၊ ကျမ်းပြုချိန် ၆ လ - စုစုပေါင်း ၂ နှစ်) အောက်ပါဘာသာရပ်များကို သင်ကြားပို့ချပေးလျက်ရှိပါသည်။

  • ၁။ ဝိနယပိဋက ဘာသာရပ် (ပါစိတ္တိယ၊ မဟာဝဂ္ဂ၊ စူဠဝဂ္ဂ၊ ပရိဝါရ၊ ပါဠိတော်၊ အဋ္ဌကထာများ)
  • ၂။ သုတ္တန္တပိဋက ဘာသာရပ် (မဟာဝဂ္ဂ၊ ပါထိကဝဂ္ဂ၊ ပါဠိတော်၊ အဋ္ဌကထာများ)
  • ၃။ အဘိဓမ္မပိဋက ဘာသာရပ် (ဝိဘင်္ဂ၊ ကထာဝတ္ထု၊ ဓာတုကထာ၊ ပုဂ္ဂလပညတ္တိ၊ ယမက၊ ပဋ္ဌာန၊ ပါဠိတော်၊ အဋ္ဌကထာများ)
  • ၄။ အခြားနိကာယ်များ ဘာသာရပ် (မဇ္ဈိမနကာယ၊ အင်္ဂုတ္တရနိကာယ၊ သံယုတ္တနိကာယ၊ ဝိနယနှင့် အဘိဓမ္မာ မှတစ်ပါး ကျန်ရှိသော ခုဒ္ဒကနိကာယ်ကျမ်းများ)
  • ၅။ သမထ ဘာသာရပ်
  • ၆။ လက်တွေ့ဝိပဿနာ ဘာသာရပ်
  • ၇။ သုတေသန နည်းပညာ ဘာသာရပ်

စုစုပေါင်း ၇ ဘာသာတို့ကို သက်ဆိုင်ရာ ဘာသာအလိုက် ပါမောက္ခ/ဌာနမှူးများ၊ တွဲဖက်ပါမောက္ခများ၊ ကထိက များက အင်္ဂလိပ်ဘာသာဖြင့်သာ သင်ကြားပေးလျက် ရှိပါသည်။

Ph.D ၃ နှစ် သင်တန်းအတွက် ပါရဂူဘွဲ့ကြိုသင်တန်းကို ၁ နှစ် တတ်ရောက်ရမည်ဖြစ်ကာ အင်္ဂလိပ်၊ ပါဠိ နှစ်ဘာသာတို့တွင် မိမိကြိုက်နှစ်သက်ရာဘာသာဖြင့် ကျမ်းတင်သွင်းခွင့်ပြုမည်ဖြစ်ပြီး ပထမ ၆ လ အတွင်း ကျမ်းအကျဉ်းကို တက္ကသိုလ်ဗဟိုပညာရေးကော်မတီသို့ တင်သွင်းရမည်ဖြစ်ပါသည်။ တက္ကသိုလ် ဗဟိုပညာရေးကော်မတီက လက်ခံသဘောတူပါက ၃ နှစ်အတွင်း ကျမ်းပြီးအောင် တင်သွင်းရမည်ဖြစ်ပါသည်။

နိုင်ငံတကာကျောင်းသားများနှင့် ပြည်တွင်းကျောင်းသားများအတွက် ပါဠိဒီပလိုမာ သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး ပါဠိဒီပလိုမာလက်မှတ်များကိုလည်း ချီးမြှင့်ခဲ့ပြီးဖြစ်ပါသည်။ ဆက်လက်၍လည်း ပါဠိဒီပလိုမာသင်တန်းများ ဖွင့်လှစ်ရန် စီစဥ်ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် B.A, M.A, Ph.D ကျောင်းသားများအတွက် ကွန်ပျူတာအထူးပြုသင်တန်းများ၊ အင်္ဂလိပ်စာအထူးပြုသင်တန်းများ၊ တရုတ်ဘာသာစကားသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။ M.A ကျောင်းသားများအတွက် အင်္ဂလိပ်စာအထူးပြု ၆ လ သင်တန်းကိုလည်း သီးသန့်ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။

တတ်ရောက်ခွင့်အရည်အချင်း

နှစ်စဉ်တက္ကသိုလ်တတ်ရောက်ခွင့်ကို ဧပြီလ ၁၈ ရက်နေ့တွင် ခေါ်ယူသွားမည်ဖြစ်ကာ အခြေခံလိုအပ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

၁။ B.A တန်း ပထမနှစ်သင်တန်း တတ်ရောက်ရန်အတွက် နိုင်ငံတော်အစိုးရ ပထမကြီးတန်း၊ သာမဏေကျော်ဘွဲ့၊ သကျသီဟ-စေတိယင်္ဂဏ စာသင်တန်း၊ လူပုဂ္ဂိုလ်များအတွက် တက္ကသိုလ် အသီးသီးမှဘွဲ့တစ်ခုခု ရရှိအောင်မြင်ပြီးသူများ ဖြစ်ရမည်။(အောင်လက်မှတ်မူရင်းတင်ပြနိုင်ရမည်။)

၂။ M.A တန်း ပထမနှစ်သင်တန်း တတ်ရောက်ရန်အတွက် နိုင်ငံတော်အစိုးရ ဓမ္မာစရိယတန်း၊ သကျသီဟ-စေတိယင်္ဂဏ စာချတန်း၊ ပြည်တွင်း-ပြည်ပ တက္ကသိုလ်များမှ ဗုဒ္ဓဘာသာဆိုင်ရာ B.A ဘွဲ့ရရှိအောင်မြင်ပြီးသူများ ဖြစ်ရမည်။ (အောင်လက်မှတ်မူရင်းတင်ပြနိုင်ရမည်။)

၃။ Ph.D တန်းအတွက် ပြည်တွင်း-ပြည်ပ တက္ကသိုလ်များမှ ဗုဒ္ဓဘာသာဆိုင်ရာ M.A ဘွဲ့ရရှိအောင် မြင်ပြီးသူများ ဖြစ်ရမည်။ (အောင်လက်မှတ်မူရင်းတင်ပြနိုင်ရမည်။)

၄။ ဥပဓိသမ္ပတ္တိနှင့် ပြည့်စုံပြီး ကျန်းမာရေး ကောင်းမွန်သူဖြစ်ရမည်။

၅။ သက်ဆိုင်ရာ ကျောင်းထိုင်ဆရာတော် (သို့မဟုတ်) အကြီးအကဲဖြစ်သူက တာဝန်ခံ အပ်နှံပေးသူဖြစ်ရမည်။

၆။ ဝင်ခွင့်စာမေးပွဲ ဖြေဆိုအောင်မြင်ရမည်။

၇။ တက္ကသိုလ်က ချမှတ်ထားသော စည်းကမ်းချက်များနှင့်အညီ နေထိုင်နိုင်ရမည်။

သင်ကြားရေးဆရာ/ ဆရာမများ

၁။ ဒေါက်တာဘဒ္ဒန္တနန္ဒသီရိ (ပေါမောက္ခ၊ ဌာနမှူး၊ ကျောင်းထိုင်ဘုန်းကြီးရေးရာဌာန)

၂။ ဒေါက်တာဘဒ္ဒန္တကေတု (ပေါမောက္ခ၊ ဌာနမှူး၊ သုတ္တန္တပိဋကဌာန)

၃။ ဒေါက်တာဘဒ္ဒန္တပဏ္ဍိတဇောတိ (ပေါမောက္ခ၊ ဌာနမှူး၊ အဘိဓမ္မပိဋကဌာန)

၄။ ဘဒ္ဒန္တအဂ္ဂသာရ (ပေါမောက္ခ၊ ဌာနမှူး၊ သာသနာပြုဆိုင်ရာဌာန)

၅။ ဒေါက်တာဒေါ်ခင်သိန်း (ပါမောက္ခ၊ ဌာနမှူး၊ ပါဠိစာပေဌာန)

၆။ ဒေါက်တာဒေါ်ချိုချိုအောင် (ပါမောက္ခ၊ ဌာနမှူး၊ မြန်မာစာဌာန)

၇။ ဒေါက်တာဒေါ်မြင့်မြင့်စန်း (ပါမောက္ခ၊ ဌာနမှူး၊ အင်္ဂလိပ်စာဌာန)

၈။ ဦးဝင်းမင်း (ပါမောက္ခ၊ ဌာနမှူး၊ သင်္ချာဌာန)

၉။ ဒေါက်တာဦးကံရှိန် (ပါမောက္ခ၊ ဌာနမှူး၊ ပထဝီဝင်ဌာန)

၁၀။ ဒေါက်တာဦးဉာဏ်ထွန်း (ပါမောက္ခ၊ ဌာနမှူး၊ သိပ္ပံဌာန)

၁၁။ ဒေါက်တာဒေါ်သီရိညွန့် (ပါမောက္ခ၊ ဌာနမှူး၊ သမထဌာန)

၁၂။ ဒေါက်တာဦးဉာဏ်ထွန်း (ပါမောက္ခ၊ ဌာနမှူး၊ သုတေသန၊ ကျမ်းပြုနှင့် ဘာသာပြန်ဌာန)

၁၃။ ဒေါက်တာဘဒ္ဒန္တသုခေဓိတ (တွဲဖက်ပါမောက္ခ၊ ဝိနယပိဋကဌာန)

၁၄။ ဘဒ္ဒန္တစန္ဒဇောတိ (တွဲဖက်ပါမောက္ခ၊ သုတ္တန္တပိဋကဌာန)

၁၅။ ဒေါက်တာဘဒ္ဒတိက္ခဉာဏ (တွဲဖက်ပါမောက္ခ၊ အဘိဓမ္မပိဋကဌာန)

၁၆။ ဒေါက်တာဘဒ္ဒန္တကစ္စာယန (တွဲဖက်ပါမောက္ခ၊ သုတေသန၊ ကျမ်းပြုနှင့် ဘာသာပြန်ဌာန)

၁၇။ ဘဒ္ဒန္တစန္ဒဇောတိ (တွဲဖက်ပါမောက္ခ၊ အင်္ဂလိပ်စာဌာန)

၁၈။ ဒေါ်သုတဝတီ (တွဲဖက်ပါမောက္ခ၊ ဝိပဿနာဌာန)

၁၉။ ဦးလှသိန်းထွဋ် (တွဲဖက်ပါမောက္ခ၊ ဘာသာရေးဆိုင်ရာသမိုင်းဌာန)

၂၀။ ဦးမြင့်စိုး (တွဲဖက်ပါမောက္ခ၊ သမိုင်းဌာန)

၂၁။ ဒေါက်တာဘဒ္ဒန္တသုဝဏ္ဏ (ကထိက၊ သုတ္တန္တပိဋကဌာန)

၂၂။ ဒေါက်တာဘဒ္ဒန္တကဝိဓဇ (ကထိက၊ ဝိနယပိဋကဌာန)

၂၃။ ဘဒ္ဒန္တအာဒိစ္စဝံသ (ကထိက၊ သာသနာပြုဆိုင်ရာဌာန)

၂၄။ ဘဒ္ဒန္တခေမာစာရ (ကထိက၊ အဘိဓမ္မပိဋကဌာန)

၂၅။ ဦးစိန်လှ (ကထိက၊ အင်္ဂလိပ်စာဌာန)

၂၆။ ဦးညီညီစိုး (ကထိက၊ ဘာသာရေးဆိုင်ရာသမိုင်းဌာန)

၂၇။ ဦးအောင်စည်သူ (ကထိက၊ သုတေသန၊ ကျမ်းပြုနှင့် ဘာသာပြန်ဌာန)

ဩဝါဒါစရိယဆရာတော်ကြီးများ

၁။ ဘဒ္ဒန္တကုသလ (အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ နိုင်ငံတော်ဩဝါဒါစရိယ)

၂။ ဘဒ္ဒန္တဉာဏိန္ဒသာရ (အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်)

၃။ ဘဒ္ဒန္တပဏ္ဍိတာလင်္ကာရာဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ ဂန္တဝါစကပဏ္ဍိတ၊ ပါမောက္ခချုပ်ငြိမ်း-နပသ)

၄။ ဘဒ္ဒန္တဝါယာမိန္ဒာဘိဝံသ (တိပိဋကဓရ၊ ဓမ္မဘဏ္ဍာဂါရိက၊ အဂ္ဂမဟာပဏ္ဍိတ)

၅။ ဘဒ္ဒန္တသုမနာဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ဝင်)

၆။ ဒေါက်တာဘဒ္ဒန္တဝိစက္ခဏာလင်္ကာရာဘိဝံသ (အဂ္ဂမဟာဂန္တဝါစကာပဏ္ဍိတ၊ ဓမ္မကထိကဗဟုဇနဟိတဓရ၊ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင်)

၇။ ဘဒ္ဒန္တဂန္ဓမာလာလင်္ကာရ (တိပိဋိကဓရ၊ ဓမ္မဘဏ္ဍာဂါရိက)

တက္ကသိုလ်အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးဗဟိုအဖွဲ့

၁။ ဒေါက်တာဘဒ္ဒန္တစိန္တိတာလင်္ကာရ (အဓိပတိဆရာတော်) (နိုင်ငံတော်သံဃမဟာနာယက)

၂။ ဒေါက်တာဘဒ္ဒန္တပညာသာရ (ပါမောက္ခချုပ်ဆရာတော်)

၃။ ဦးအောင်သိန်းညွန့် (ဒုတိယမောက္ခချုပ်-စီမံ)

၄။ ဒေါက်တာဘဒ္ဒန္တဝေပုလ္လာစာရ (မော်ကွန်းထိန်းဆရာတော်)

၅။ ဦးအောင်ရဲရင့် (ဌာနမှူး၊ စီမံ/ ဘဏ္ဍာဌာန)

၆။ ဘဒ္ဒန္တပညာနန္ဒ (တွဲဖက်မော်ကွန်းထိန်းဆရာတော်)

၇။ ဘဒ္ဒန္တကုဏ္ဍလာလင်္ကာရ (တွဲဖက်မော်ကွန်းထိန်းဆရာတော်)

၈။ ဦးဘသိဏ်း (တွဲဖက်ဌာနမှူး၊ စီမံ/ ဘဏ္ဍာဌာန)

၉။ ဦးအောင်မျိုးမြတ် (တွဲဖက်ဌာနမှူး၊ စီမံ/ ဘဏ္ဍာဌာန)

တက္ကသိုလ်ပညာရေးဗဟိုအဖွဲ့

၁။ ဒေါက်တာဘဒ္ဒန္တစိန္တိတာလင်္ကာရ (အဓိပတိဆရာတော်)

၂။ ဒေါက်တာဘဒ္ဒန္တပညာသာရ (ပါမောက္ခချုပ်ဆရာတော်)

၃။ ဒေါက်တာဘဒ္ဒန္တပညာဝံသ (ဒုတိယပါမောက္ခချုပ် (သင်ကြား) ဆရာတော်)

ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ

ယခုလက်ရှိအချိန်တွင် B.A, M.A, Ph.D ကျောင်းသားများကို Topicများ ရေးသားစေကာ အချင်းချင်း အပြန်အလှန် ဆွေးနွေးညှိနှိုင်းမှုများကို ပြုလုပ်စေလျက်ရှိပါသည်။ ထို့အပြင် ပြည်တွင်း တက္ကသိုလ်များနှင့်သာမက ပြည်ပနိုင်ငံများရှိ တက္ကသိုလ်များနှင့်ပါ ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည့်အတွက် ပြည်တွင်း၊ ပြည်ပမှ ပညာရှင် အများအပြားကို ဧည့်ပါမောက္ခများ၊ ဧည့်ကထိကများအဖြစ် ဖိတ်ခေါ်ကာ ဟောပြောပို့ချနိုင်ရန် စီစဥ်လျက်ရှိသည့်အပြင် ဆီမီနာများ၊ ကွန့်ဖရင့်များကိုလည်း ပြုလုပ်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။